Welcome to my images of thought!

I'm not good at writing ....this blog is just a part of my thought and you can see my inner heart through it if you can .... Enjoy!!!

Monday, September 20, 2010

စာပေဟောပြောပွဲ

” အချစ်”
လိုက်ခဲ့မယ်နော်
မျက်လုံးပေါ်မှာ
နှုတ်ခမ်းပေါ်မှာ
အိပ်ပျော်မှာပါ
နွံလွှာနက်နက်
ခြေတဖက်ကျွံနစ်
ရုန်းထွက်ဖို့မဖြစ်နိုင်တော့ဘူးကွယ်....
လမ်း ၃၀
လွယ်အိတ်အဖြူ
ခုံထူဖိနပ်
အမှတ် ၁ ဘတ်စ်ကား
အားလုံးကိုကျေးဇူးတင်ပါတယ် ....
ရွှေရှာတာမဟုတ်ဘူး
ငွေရှာတာမဟုတ်ဘူး
အချိုရှာတာပါကိုကိုရယ်
အချစ်ဆိုတာဒါလား
ဘီယာလိုပဲခါးတယ်နော်....

ဒီကဗျာလေးက ၂၀၀၉တုန်းက စင်္ကာပူမှာလုပ်တဲ့စာပေဟောပြောပွဲမှာ ဆရာမ ရွတ်ပြခဲ့တဲ့ကဗျာလေးပါ.. ဆရာမက သူကဗျာရေးတာအလွန်ညံ့ကြောင်းပြောရင်းရွတ်ပြခဲ့တာပါ... လွန်ခဲ့တဲ့ ၃၅နှစ်က အချစ်အကြောင်းကိုရေးဖွဲ့ထားတာပါလို့ဆရာမကပြောခဲ့ပါတယ်...  ဘီယာဆိုတာစစသောက်ချင်းမှာသာခါးတာပါ..နောက်ပိုင်းမှာသောက်ပါများလာရင်မခါးတော့ပါဘူးဆိုတာနောက်မှ သိတာကြောင့်ပြန်ပြင်လို့ရရင် နောက်ဆုံးအပိုဒ်ကို ဒီလိုပြန်ပြင်လိုက်ချင်ပါတယ်လို့ ပြောခဲ့ပါတယ်...
” ရွှေရှာတာမဟုတ်ဘူး
   ငွေရှာတာမဟုတ်ဘူး
   အချိုရှာတာပါ ကိုကိုရယ်

   အချစ်ဆိုတာ ဒါလား
   ဘီယာလိုပဲနော်
   ခါးချင်တဲ့အချိန်ခါးပီးတော့
   မခါးချင်တဲ့အချိန်မှာမခါးပါဘူး” ....
 
ဆရာမရဲ့ ဒီစာပေဟောပြောပွဲ VCDကို Facebook မှသူငယ်ချင်းတယောက်ရဲ့ share မှုကြောင့်နားထောင်ခဲ့ရတာပါ....ဒီကဗျာလေးကိုနားထောင်ပီး ဆရာမရဲ့ပွင့်လင်းမှုကို သဘောကျမိသလို ဆရာမရေးဖွဲ့ခဲ့တဲ့ အချစ်ဆိုတာကို တွေးမိပြီး ပြုံးခဲ့ရပါတယ်... အဲဒီစာပေဟောပြောပွဲမှာ ဆရာမက ”စာရေးဆရာတယောက်ရဲ့ မှတ်စုများ” ခေါင်းစဉ်နဲ့ဟောပြောခဲ့တာပါ... ဆရာမရဲ့ ငယ်ဘ၀ကနှစ်သက်ခဲ့တဲ့ ကဗျာတွေကစလို့ ဆရာမကိုယ်တိုင်ရေးတဲ့ အချစ်ကဗျာ.. နောက်ပြီး ဆရာမရဲ့ ပထမဆုံးအောင်မြင်ခဲ့တဲ့ ” အမှတ်တရ” ၀တ္ထု အကြောင်း နဲ့ဆရာမရေးခဲ့တာစာအုပ်တွေအကြောင်းပြောတော့ ကျမဖတ်ဖူးခဲ့တဲ့ နှစ်သက်ခဲ့တဲ့ မသယ်နိုင်လို့အိမ်မှာထားခဲ့ရတဲ့ ဆရာမရဲ့စာအုပ်တွေကို သတိရမိပါတယ်... ”အမှတ်တရ” ကစလို့ ” ကြယ်စင်တံတား ကမ်းပါးနှင်းဖြူ”  ” ကြာတော့သည်လည်းမောင့်စကား” ” ကျမဧ။် သစ်ပင်” ”ချစ်သူလား စကားတပွင့် ပွင့်ခဲ့တယ်” ”လရောင်ကိုကြောက်သူ” ” မြရဲ့လ” ”ချစ်သူဧ။်သမီး” ”မိန်းမနှစ်ယောက်” ”ရေမျောသီး” ”ကြေမွသွားသောတိမ်တိုက်များအကြောင်း” ”မိန်းမတယောက်ရဲ့ဖွင့်ဟ၀န်ခံချက်” ” စောင့်နေမယ်လို့မပြောလိုက်ဘူး” နောက် ကျမခင်မင်ရတဲ့အမတယောက်ပြောပြလို့ဒီနေ့မှဖတ်ဖြစ်ခဲ့တဲ့ ”ကံကြမ္မာကိုမယုံကြည်ကြသူများ”  စတဲ့ ၀တ္ထုရှည်တွေ  ပီးတော့ ၀တ္ထုတိုတွေဖြစ်ပေမဲ့ ရင်ထဲမှာနင့်အောင်ကျန်နေခဲ့တဲ့ ” မျက်ရည်တစက်” ” သူငယ်ချင်း” ” အချစ်ဆိုတာကြိုးနဲ့သီဖို့မလိုတဲ့ပန်းပွင့်ကလေးတွေ” ” ရာဇ၀င်ထဲမှာမောင့်ကိုထားခဲ့” ”ကျမချစ်သောယောက်ျားများ”  စတဲ့ဖတ်ဖူးသမျှစာတွေ အကြောင်းအရာတွေက အတွေးတွေမှာတခုပီးတခုပြန်ပေါ်လာသလို ဖတ်ချင်ပေမဲ့ မဖတ်ဖြစ်ခဲ့တဲ့ စာအုပ်တချို့ကိုလည်းသတိရမိပါတယ်.. တနေ့နေ့တော့ဖတ်ဖြစ်အောင်ဖတ်ဖို့စဉ်းစားမိပါတယ်... ဆရာမရဲ့လူမှုရေးလုပ်ငန်းတွေအကြောင်းတွေကို နားထောင်ဖြစ်ခဲ့တော့ ဆရာမကိုလေးစားမိပါတယ် ...အပျိုကြီးဘ၀နဲ့အောင်မြင်တဲ့စာရေးဆရာ ဆရာဝန်ဘ၀ကိုပိုင်ဆိုင်ပြီး ပွင့်လင်းပေါ့ပါးတဲ့ ပုံစံနဲ့ လူမှုရေးလုပ်ငန်းတွေကို အင်တိုက်အားတိုက်လုပ်ဆောင်နေတဲ့ ဆရာမရဲ့ပုံစံဟာ ဆရာမ၀တ္ထုထဲက သိပ်တော်ပြီး  နူးညံ့နွေးထွေးသလို ထက်မြက်ရဲရင့်တဲ့ ကျမနှစ်သက်တဲ့ဇာတ်ကောင်စရိုက်တွေနဲ့ ထပ်တူကျနေပါတယ်.. ကျမစာပေဟောပြောပွဲတွေကိုနှစ်သက်ပါတယ်... ကိုယ်နှစ်သက်သက်စာရေးဆရာတွေရဲ့ ဘ၀အတွေ့အကြုံတွေ အတွေးအမြင်တွေကို သူတို့ကိုယ်တိုင်ပြောပြတာကိုနားထောင်ရတာဟာအလွန်စိတ်ဝင်စားစရာကောင်းပါတယ် .. တက္ကသိုလ်တက်တုန်းက ကျောင်းကလုပ်ပေးခဲ့တဲ့ ဆရာချစ်ဦးညိုနဲ့ လယ်တွင်းသားစောချစ်တို့ပါဝင်တဲ့စာပေဟောပြောပွဲကစလို့ စာပေဟောပြောပွဲတွေကို ကျမနှစ်သက်ခဲ့တာပါ .. ကျမဘ၀မှာပထမဆုံးနားထောင်ဖြစ်ခဲ့တဲ့ ပွဲပါ..   ဆရာတို့ရဲ့စာတွေနဲ့ သိပ်မရင်းနှီးခဲ့သော်လည်း ဆရာတို့ဟောပြောခဲ့သည်ကိုတော့အလွန်နှစ်သက်ခဲ့ပါတယ်.... အခုတော့ကျမအနှစ်သက်ဆုံးဆရာမရဲ့ ပွဲကိုနားထောင်ခဲ့ရပါပီ.. နောင်တချိန်မှာအခွင့်အခါကြုံခဲ့ရင်တော့ ကျမဆရာမရဲ့ပွဲတွေကို ကိုယ်တိုင်သွားပြီးနားထောင်ဖြစ်မှာအသေအချာပါပဲ...
( Facebook တွင်  ဆရာမရဲ့ ဟောပြောပွဲ VCD ကို  share ပေးခဲ့သောMaungLay ကို ကျေးဇူးတင်ပါသည်)
ဂျူး

မွေးနေ့ဖိတ်စာ

ဒီတခေါက် ကျောင်းပိတ်လို့အိမ်ကိုခဏပြန်တော့ မေမေက သူ့ဒိုင်ယာရီထဲမှာ ညှပ်ပီးသိမ်းထားတဲ့ ပလတ်စတစ်အကြည်လေးနဲ့သေချာထုပ်ထားတဲ့ စက္ကူကဒ်ပြားလေးတခုကိုထုတ်ပေးပါတယ်.... သမီး ၁နှစ်ပြည့်တုန်းက မွေးနေ့ဖိတ်စာလေးတဲ့ .. ၂၃နှစ်ဆိုတာတကယ်ကို ခဏလေးပါပဲတဲ့လေ... အဲတုန်းကမွေးနေ့ပွဲလေးအကြောင်းကို မေမေပြန်ပြောပြပါတယ် ... မေမေ့အသံကချိုမြနေသလို မေမေ့မျက်လုံးတွေကလည်းပီတိတွေနဲ့ ပြုံးနေပါတယ်.. မွေးနေ့ပွဲလေးက ကြီးကြီးကျယ်ကျယ်မဟုတ်ပါဘူး .. အိမ်နားကမိတ်ဆွေတွေနဲ့ လမ်းထဲကအသိတွေအနည်းအပါးလောက်ကိုပဲဖိတ်ပြီး မေမေကိုယ်တိုင် ငါးခူအကြီးကြီးတွေနဲ့မုန့်ဟင်းခါးချက်ပီး သမီးအတွက်အမှတ်တရလုပ်ပေးတာတဲ့လေ.. အဲဒီနေ့မှာမွေးနေ့ရှင်သမီးက မေမေကိုယ်တိုင်ချုပ်ပေးတဲ့ ဂါဝန်လှလှလေးကိုဝတ်ထားတယ်တဲ့လေ.. ပွဲလမ်းတွေ လူရှုပ်ရှုပ်နဲ နေရာမျိုးတွေကို ရှောင်တတ်တဲ့ ဖေဖေက သမီးကို မွေးနေ့လုပ်ပေးဖို့ဘယ်လိုစိတ်ကူးရတယ်မသိပါဘူးတဲ့လေ.. မေမေ့ ဒိုင်ယာရီစာအုပ်ကြားက အနှစ် ၂၀ကျော်သိမ်းထားခဲ့တဲ့ ကျမရဲ့ မွေးနေ့ဖိတ်စာလေးက ညိုညစ်ညစ်လေးနဲ့ဟောင်းနွမ်း သယောင်ဖြစ်နေပါပီ.. ဒါပေမဲ့ ကျမရဲ့မွေးနေ့ပွဲလေးအကြောင်းပြောပြနေတဲ့ မေမေ့ရဲ့ပီတိတွေနဲ့လက်ဖြာနေတဲ့  မျက်ဝန်းတွေကတော့ ကျမရဲ့ ၁နှစ်ြပည့်မွေးနေ့ပွဲက ကျမရဲ့ပုံရိပ်တွေက ဘယ်တော့မှမဟောင်းနွမ်းသွားဘူးဆိုတာသက်သေပြနေပါတော့တယ်..

နှစ်သက်မိသောရုပ်ရှင် နှင့် ရရှိသော အားအင်တခု

အခုတလော စိတ်တွေကရှုပ်ထွေးနေသည်မို့ မြင်သမျှ တွေးသမျှဟာစိတ်ဓါတ်ကျစရာတွေသာဖြစ်နေသာကြာပါပီ ... ကျောင်းပီးခါနီးမို့ခံစားရသောစိတ်ဖိစီးမှုနှင့် dissertation အတွက်စိတ်ဖိစီးမှုတို့ကရောထွေးနေသည်မို့ အတွေးတွေကမကြည်လင် .. ရယ်မောနေရသော်လည်း ပေါ့ပါးသည်ဟုမခံစားရ ... သူငယ်ချင်းတွေအားပေးမှုကိုချည်းခံနေရတာကြာတော့ သူတို့ကိုပင်အားနာလာမိသလို ကိုယ့်ကိုကိုယ်အားပေးနေရသည်မှာလည်း  စိတ်ကုန်လှပြီ ... ဘယ်လောက်ပဲအားပေးအားပေး ခဏလောက်သာစိတ်သက်သာရာရသည်မို့ စိတ်ပျော့လွန်းလှသော ကိုယ့်ကိုကိုယ်လည်းမကျေနပ်မုန်းမိပြန်တော့ စိတ်ဒုက္ခကထပ်တိုးသည်သာပင်.. စိတ်မွန်းကြပ်တိုင်းကြည့်မိသောရုပ်ရှင်တွေကလည်းမရေတွက်နိုင်တော့ ..ခဏတာတော့ကျေနပ်ပျော်ရွှင်မိသလိုပါပဲ ..ဒါပေမဲ့လည်း တကယ်ကိုခဏတာလေးပါပဲ... တကယ်တမ်းကျတော့ ဘ၀ဆိုတာရုပ်ရှင်တွေထဲကလို The End ဆိုတာနဲ့ပြီးဆုံးသွားသည်မှမဟုတ်တာလေ.. ဒါပေမဲ့ ဒီနေ့ကြည့်မိသော ကိုရီးယားဇာတ်လမ်းတွဲရဲ့အဆုံးသတ်မှာတော့ အဓိကဇာတ်ကောင် မင်းသားပေါ့လေ .. သူပြောလိုက်တဲ့စကားလေးကိုတော့စိတ်ထဲမှာကျန်ခဲ့နေသလို တွေဝေနောက်ကျိနေတဲ့ စိတ်တချို့ကိုရှင်းလင်းစေလိုက်သလိုပါပဲ.. ဇာတ်လမ်းတလျှောက်လုံးမှာကိုရီးကားဇာတ်လမ်းတွဲတို့ရဲ့ထုံးစံအတိုင်း drama ပီသစွာနဲ့ဇာတ်ကိုနာအောင် မင်းသားကပဲအမျိုးမျိုး ဒုက္ခပေးခံခဲ့ရတာပါ.. မိဘနဲ့ခွဲခံရ လမ်းဘေးရောက် နောက်ဆုံးသေလောက်တဲ့ထိအမျိုးမျိုးဒုက္ခတွေခံစားခဲ့ရတဲ့ကြားက ဘ၀ကိုသူဖြစ်ချင်တဲ့ပေါင်မုန့်လုပ်ခြင်းအတတ်ပညာနဲ့ အောင်မြင်အောင်ကြိုးစားနိုင်ခဲ့သလို ဘယ်လောက်ပဲဒုက္ခတွေကြားထဲရောက်နေ မျက်နှာပေါ်ကအပြုံးမပျက်ဘဲ သည်းခံနိုင်ခဲ့ပါတယ်... သူပြောခဲ့တဲ့စကားကို နားလည်မိတာကတော့ ဒီနေ့တနေ့မှာကောင်းတာတွေဖြစ်လာရုံနဲ့ ဘ၀ကဒီအတိုင်းပြီးမသွားနိုင်သလို ဆိုးတာတွေချည်းဖြစ်ရုံနဲ့လည်းဘ၀ကအတိုင်းပြီးမသွားပါဘူးတဲ့ .. ဘယ်လိုပဲကောင်းတာဆိုးတာတွေဖြစ်နေပါစေ နေတတ်ဖို့လိုအပ်ပါတယ်တဲ့... သူ့ရဲ့စကားကသိပ်မရှည်လှပါဘူး..ဒါပေမဲ့ အတွေးတွေကတော့အများကြီးရှည်သွားအောင်လုပ်နိုင်ခဲ့ပါတယ်.. ရှင်သန်နိုင်ဖို့လိုအပ်ပါတယ်တဲ့လေ ... လူပီသအောင် အသက်ဝင်အောင်နေတတ်ဖို့ပေါ့နော် .. ဆိုးတာတွေဖြစ်နေလို့မပျော်ရွှင်ရဘူး.. ဖြစ်ချင်တာတွေမဖြစ်ရလို့မကျေနပ်စိတ်တိုင်းမကျနေဘူးဆိုရင် ..ကိုယ့်အပေါ်မကောင်းတဲ့လူတွေရှိလို့ အဲ့လူတွေအပေါ်မကောင်းတဲ့စိတ်အတိုင်းပြန်ထားနေမယ်ဆိုရင် ဘ၀ဟာ စိတ်ညစ်ညူးမှုတွေ ..မကျေနပ်မှုတွေ ဒေါသတွေနဲ့မွန်းကြပ်လို့ အသက်သာရှင်နေရမယ် ..ရှင်သန်ရကျိုးမနပ်တော့ပါဘူး ... ရိုးရိုးလေးပဲတွေးကြည့်မိတယ် .. ဘ၀ဆိုတာ နေတတ်ဖို့ပဲလိုအပ်ပါတယ်လေ.. နေတတ်ရင်ဘ၀ဟာကျေနပ်စရာတွေပါပဲ.. လုပ်သင့်လုပ်ထိုက်တာကိုအကောင်းဆုံးလုပ်ဆောင်ရင်း ဖြစ်လာတဲ့အခြေနေတိုင်းကို အကောင်းဆုံးလက်ခံရင်ဆိုင်နိုင်အောင် ကြိုးစားတာဟာ နောင်တမရှိစေတဲ့ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုတခုပါပဲ ... သိနေတဲ့သဘောတရားတခုကို ပိုပီးနားလည်သဘောပေါက်သွားအောင် အဲဒီဇာတ်လမ်းကလုပ်ပေးလိုက်သလိုပါပဲ... စိတ်ထဲပေါ့ပါးသွားတာကတော့ အမှန်ပါပဲ .... ဒါကြောင့်လဲ ကျမကိုရီးယာ.ရုပ်ရှင်တွေကိုနှစ်သက်ပြီးရင်းနှစ်သက်နေတာဖြစ်မှာပါ... အရမ်းကြည့်ကောင်းပြီးချောတဲ့ ကိုရီးယားမင်းသားတွေကြောင့်လို့ပြောမယ်ဆိုရင်လည်းမငြင်းတော့ပါဘူးနော်.... :)
P.S - အဲဒီဇာတ်လမ်းတွဲနာမည်က " King of Baking, Kim Tak Gu" ပါ..Episode 30 ရှိပါတယ်... www.mysoju.com ကနေကြည့်လို့ရပါတယ်.. ကြည့်ချင်သူများရှိခဲ့ရင်ကြည့်လို့ရအောင်ပါ...

Friday, September 10, 2010

ကျမအနှစ်သက်ဆုံး ဆရာမ ဂျူး ရဲ့စာအပိုင်းအစများ


မိန်းမနှင့်အချစ်

ယောက်ျားတစ်ယောက်အတွက် အချစ်ဆိုသည်မှာ ယောက်ျားအတ္တကို စိတ်ကျေနပ်ရောင့်ရဲမှုပေးနိုင်စရာ အခိုက်အတန့်ကြားခံနယ်တစ်ခုဖြစ်သော်လည်း မိန်းမတစ်ယောက်အတွက်တော့ အချစ်ဆိုသည်မှာ ခြေစုံပစ်ဝင်လိုက်ရသော နယ်ပယ်သစ်တစ်ခုသာဖြစ်သည်။ ယောက်ျားတစ်ယောက်ဟာ မိန်းမတစ်ယောက်ကို ချစ်တယ်ဆိုတာ အဲဒီမိန်းမနဲ့ပတ်သတ်သမျှ အရာရာကို သူတစ်ဦးတည်း စိုးမိုးပိုင်ဆိုင်လိုခြင်းပဲ ဖြစ်ပါတယ်။ သူချစ်တဲ့မိန်းမ သူတစ်ယောက်တည်းအပေါ် စွဲလမ်းတမ်းတအောင် သူဘယ်လိုဆွဲဆောင်ကြိုးစားရမလဲဆိုတဲ့ လောဘနဲ့အတ္တဟာ ယောက်ျားရဲ့အချစ်ဖြစ်တယ်။ ဒါပေမယ့် မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို ချစ်ပြီဆိုတဲ့အခါ မိန်းမရဲ့ဘ၀ဟာ ယောက်ျားရဲ့ ဘ၀ထဲကို အလိုအလျောက် စီးဝင်သွားရတယ်။ ကိုယ်ချစ်တဲ့သူကို ကိုယ်ဘာတွေပေးနိုင်မလဲဆိုတဲ့ မျှော်လင့်ချက်ဟာ မိန်းမတိုင်းမှာရှိနေပါတယ်။ ဒါဟာ မိန်းမရဲ့ဗီဇစိတ်သာဖြစ်တယ်။ စွန့်လွှတ်အနစ်နာခံမှုလည်း မဟုတ်ဘူး။ ဒါဟာ အလိုအလျောက် ဖြစ်ပေါ်တဲ့ အညံ့ခံစိတ်ပါ။ ဒါကို မြင့်မြတ်မှုလို့ ကိုယ်မပြောလိုပါဘူး။ ဖြစ်ချင်းဖြစ်ရင် ဒါဟာ မိုက်မဲမှုသာ ဖြစ်ပါလိမ့်မယ်။

မိန်းမနှင့်လက်ထပ်ခြင်း

ယောက်ျားနှင့်မိန်းမအကြား တစ်သက်တာ အတိုင်းအဆမဲ့ရင်းနှီးစွာ တာဝန်ယူနိုင်ရန် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ကတိသစ္စာဖြင့် လက်ထပ်ကြသော်လည်း လက်ထပ်ခြင်းအပေါ် နားလည်ခံစားပုံခြင်း အလွန်ကွာခြားပါသည်။ ယောက်ျားသည် မိန်းမကို မိမိပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာ မြေယာတို့အနက် တစ်ခုအပါအ၀င်ဖြစ်သော တပ်မက်ဂုဏ်ယူစွာ စောင့်ရှောက်ရမည့် ပစ္စည်းသစ်တစ်ခုဖြစ်လာရန် လက်ထပ်ယူလေ့ရှိပြီး မိန်းမသည် ယောက်ျားကို တစ်သက်တာ မိမိအားအကာအကွယ်ပေးမည့် လေးစားမြတ်နိုးဖွယ် ကောင်းကင်သစ်တစ်ခုအဖြစ် လက်ထပ်ခြင်းဖြစ်သည်။

အိမ်ထောင်သည်ဘ၀ အချစ်ဆိုတာ ယောက်ျားနဲ့မိန်းမ နှစ်ယောက်တွဲဖက်ပြီးကရတဲ့ သိမ်မွေ့နက်နဲတဲ့ ကကြိုးကကွက်တွေနဲ့ တူပါတယ်။ နှစ်ယောက် အပေးအယူမျှဖို့အတွက် တစ်ယောက်က ရှေ့ကိုခြေလှမ်းတစ်လှမ်းရင် နောက်တစ်ယောက်က နောက်ကို တစ်လှမ်းဆုတ်ပေးရလိမ့်မယ်။ ကကွက်ကိုဦးဆောင်သူက ယောက်ျားဖြစ်ပြီး နောက်ကလိုက်တဲ့သူဟာ မိန်းမဖြစ်တယ်။ ဦးဆောင်သူရဲ့ ပီတိကျေနပ်မှုကို နောက်ကလိုက်သူကသာ စွမ်းဆောင်ပေးအပ်ရလေ့ရှိတယ်။

ယောက်ျားတွေဟာ ပတ်ဝန်းကျင်ပေါ်မှာ လိုက်လျောရလို့ ကျဆင်းသွားတဲ့ယောက်ျားမာနတွေ ၊ လူသားမာနတွေကို သူ့ဇနီးဆီကနေ ပြန်ပြီးဖြည့်ယူလေ့ရှိပါတယ်။ အိမ်ထောင်သည် ချစ်ခြင်းအနုပညာမှာ ခင်ပွန်းသည်ရဲ့ ဖန်တီးပုံသွင်းမှုအတတ်ပညာက အရေးကြီးတယ်ဆိုရင် ဇနီးသည်ရဲ့ပျော့ပျောင်းလိုက်လျောမှု အတတ်ပညာဟာလည်း အရေးကြီးပါတယ်။ ယောက်ျားတစ်ယောက်ဟာ သူ့ဇနီးသည်ကို မာကျောတဲ့ အဖိုးတန်ကျောက်တုံးတစ်တုံးဖြစ်ဖို့ထက် ပျော့ပျောင်းပြီး ပုံသွင်းဖို့လွယ်ကူတဲ့ ရွှံ့စေးတုံးကလေးဖြစ်ဖို့ ပိုပြီးဆန္ဒရှိတယ်ဆိုတာ ကိုယ်သိတယ်။

ကိုယ်တို့မိန်းမတွေဟာ ယောက်ျားတွေရဲ့ အတ္တနဲ့မာနကို အမြဲထည့်သွင်းစဉ်းစားပေးခဲ့သလောက် ယောက်ျားတွေကတော့ မိန်းမတွေရဲ့အတ္တနဲ့မာနကို နည်းနည်းမှ ထည့်မစဉ်းစားခဲ့ကြဘူး။ မိန်းမတွေဟာ သူတို့ချစ်တဲ့ ယောက်ျားတွေအပေါ် ဘယ်လောက်ပဲ သည်းညည်းခံလိုက်လျောနေပေမယ့် နောက်ကွယ်မှာ ငုပ်လျိုးနေတဲ့ မိန်းမသားမာနဆိုတာရှိတယ်။ အဲဒီမာနကို အကြိမ်များစွာ ထိပါးခံရတဲ့အခါ မိန်းမဟာ သူချစ်တဲ့ ယောက်ျားအပေါ် မထင်မှတ်တဲ့ တုံ့ပြန်မှုမျိုးပေးလိုက်မိတတ်ပါတယ်။ မိန်းမတွေဟာ အနိုင်မယူချင်ကြပါဘူး။ သူတို့လိုချင်တာ မျှတမှု ၊ သူ့ဘက်ကိုယ့်ဘက် အပြန်အလှန် နားလည်လိုက်လျောမှုပါ။ ဒါပေမယ့် ဒီလောက်အတိုင်းအတာလေးတောင် ကိုယ်တို့မရခဲ့ကြပါဘူး။ တစ်ချိန်ချိန်မှာ ရလေမလားလို့ စောင့်ဆိုင်းရတဲ့ ကာလကြာရှည်လာတာနဲ့အမျှ ကိုယ်တိုင်တောင်မသိနိုင်တဲ့ အတ္တဟာ တဖြည်းဖြည်းကြီးထွားလာခဲ့တယ်။

မိန်းမတစ်ယောက်က ယောက်ျားအပေါ် အနိုင်ရတယ်ဆိုတဲ့နေရာမှာ အလွန်ဆုံးစိတ်ခံစားမှုကိုသာ အနိုင်ရတာပါ။ အဲဒီယောက်ျားရဲ့ဘ၀နဲ့ ပတ်ဝန်းကျင်အပေါ်မှာတော့ ဘယ်နည်းနဲ့မှ အနိုင်မရနိုင်ပါဘူး။ ယောက်ျားတစ်ယောက်က မိန်းမအပေါ်အနိုင်ရပြီဆိုရင်တော့ မိန်းမရဲ့စိတ်ခံစားမှုကိုသာမက ရုပ်ပိုင်းဆိုင်ရာ အသွင်သဏ္ဍာန်ကိုပါ အနိုင်ရလိုက်ခြင်းဖြစ်ပါတယ်။ ဒါ့အပြင်မိန်းမရဲ့ ဘ၀နဲ့မိန်းမအပေါ် အကဲဖြတ်ကောက်ချက်ချမယ့် ပတ်ဝန်းကျင်ကိုပါ အနိုင်ရလိုက်ခြင်းဖြစ်ပါတယ်။ ယောက်ျားတစ်ယောက်ရဲ့ အရှုံးဟာ အချိန်ကာလ ကန့်သတ်ချက်ရှိပေမယ့် မိန်းမတစ်ယောက်ရဲ့ အရှုံးကတော့ အချိန်ကာလ ကန့်သတ်လို့မရတဲ့ တစ်ဘ၀စာအရှုံးပါပဲ။ ကိုယ်တို့မိန်းမတွေဟာ မိန်းမဖြစ်နေသမျှ ယောက်ျားတွေနဲ့ ညီမျှတဲ့ အခွင့်အရေးကို ဘယ်တော့မှ ရနိုင်တော့မှာမဟုတ်ဘူး။ နောက်ဆုံးတော့ ကိုယ်ကောင်းကောင်းသဘောပေါက်ခဲ့ရပါပြီ။

လက်ထပ်ခြင်းဟာ ကြိုးတစ်ချောင်းဖြစ်တယ်ဆိုရင် သည်ကြိုးဟာ ၊ ယောက်ျားကိုချည်နှောင်တဲ့ကြိုး မဟုတ်ဘဲ ဇနီးဖြစ်သူကိုသာ ချည်နှောင်ထားတဲ့ကြိုးဖြစ်တယ်

ဂျူး

my favourite things

best authors ever

my ideal blogger & my fav author
teenage romance & drama
i love " Twilight "  both novel and movie .........  

Park Bom - You and I

မေမေ့ရဲ့စာ

နွေးထွေးတဲ့အိမ်ဆိုတဲ့အသိုက်အမြုံလေးက နေဘ၀အတွက်မျှော်လင့်ချက်တွေ အနာဂါတ်တွေဖန်တီးတည်ဆောက်ဖို့စိတ်ကူးတွေနဲ့ထွက်ခွာခဲ့တာလည်း ရာသီခွင်၂ခုမကပြောင်းခဲ့ပီမို့ နေသားတကျဖြစ်နေပီလို့ထင်ရပေမဲ့ တကယ်တမ်းလက်တွေ့ကျတော့ ထင်သလောက်မလွယ်ကူလှပါဘူး ... အမှန်တော့ အလွမ်းတွေနဲ့ နေသားကျသွားတာပါ.. အဝေးမှာနေတာကြာလာတော့မှ မိသားစုတွေရဲ့ နွေးထွေးမှုတွေကအဖိုးတန်တဲ့တမ်းတစရာတွေဖြစ်လာခဲ့တယ်... ၂ပတ်လောက်ကျောင်းပိတ်တာနဲ့အိမ်ပြန်ပြေးချင်တဲ့စိတ်က အခုချိန်မှာဖြစ်နေနိုင်ပေမဲ့ နောင်တချိန်အလုပ်တာဝန်တွေနဲ့ဖြစ်လာတဲ့ အခါမဖြစ်နိုင်တော့မှန်းလဲသိနေပြန်တယ်.... အနည်းဆုံး တပတ်ကို၂ခါလောက်ဖုန်းဆက်နေပေမဲ့လည်း မေမေနဲ့ပြောစရာဆိုတာ ကုန်တယ်ရယ်မရှိခဲ့ပြန်ပါဘူး... ဖုန်းတကဒ်စာ ၂၃ မိနစ်ဆိုတာ ၂မိနစ် ၃မိနစ်လားထင်ရအောင်မြန်ဆန်နေသလိုပါပဲ... အလိုအခါမျိုးမှာ မေမေ့ဆီက စာလေးတွေဟာ တကယ်ကိုအားကိုးစရာဖြစ်ခဲ့ပါတယ် ...မေမေ့ရဲ့လက်ရေးတွေဆီက နွေးထွေးမှု ဂရုစိုက်မှုတွေကို ခံစားရသလို မေမေဆုံးမစကားတွေ အားပေးစကားတွေကလည်း ကျမရဲ့ homesick ကို သက်သာစေခဲ့ပြန်တယ်.. တခါတရံမေမေ့ရဲ့အလွမ်းတွေကိုခံစားရလို့ မျက်ရည်ကျရပေမဲ့ မေမေပြောပြတဲ့ အိမ်ကအကြောင်းတွေကြောင့် အိမ်နဲ့ဝေးနေပေမဲ့အိမ်ရဲ့နွေးထွေးမှုတွေကိုခံစားရလို့ကြည်နူးရပြန်တယ်... အမှန်တော့ မေမေ့ရဲ့စာလေးတွေဟာ အိမ်နဲ့ဝေးနေတဲ့ကျမကို အိမ်နဲ့ပေါင်းကူးပေးထားတဲ့ ကြင်နာခြင်းတွေနဲ့တည်ဆောက်ထားတဲ့တံတားလေးတွေပါပဲ.. အဲဒီတံတားလေးတွေကြောင့် မေမေ့ရဲ့မေတ္တာတွေကို အဝေးကြီးကနေအပြည့်အ၀ခံစားနေရသလို အိမ်ရဲ့နွေးထွေးမှုကိုလည်း ကျမ မဆုံးရှုံးရတော့ပါဘူး... ကျေးဇူးပါမေမေ.......