Welcome to my images of thought!

I'm not good at writing ....this blog is just a part of my thought and you can see my inner heart through it if you can .... Enjoy!!!

Friday, September 10, 2010

ကျမရဲ့အရုပ်

ကျမ အရုပ်လေးတွေကိုချစ်ပါသည်…ပုံစံစုံ အရောင်သွေးစုံပြီး ချစ်စရာကောင်းလှသော အရုပ်လေးတွေကို တွေ့ရတိုင်း အမြဲလည်ပြန်ကြည့်မိလောက်အောင် အရုပ်လေးများက ကျမကိုဆွဲဆောင်နိုင်စွမ်းရှိကြပါတယ် … လက်ဆောင်တခုခုရပီဆိုရင် ထိုလက်ဆောင်ကိုအရုပ်လေးများဖြစ်စေဖို့ကျမအမြဲမျှော်လင့်တတ်သလို ကျမခင်မင်ရသော ချစ်ရသောသူများကို လက်ဆောင်ပေးမည်ဆိုလျှင်လည်းအရုပ်လေးများကိုထိပ်ဆုံးမှ စဉ်းစားမိတတ်ပါတယ်… ကုန်တိုက်တခုခုကိုရောက်ပီဆိုရင်လည်း ကျမမဖြစ်မနေ၀င်မိသောဆိုင်မှာ အရုပ်ဆိုင်ဖြစ်သလို ပြန်မထွက်ချင်အောင်ဆွဲဆောင်ထားသည်ကလည်း ထိုအရုပ်ကလေးများပင် ဖြစ်ပြန်တယ်… ကစားကွင်းရောက်ပြန်တော့လည်းကျမအနှစ်သက်ဆုံးကစားနည်းမှာ ရရှိရန် အခွင့်အရေး အလွန်နည်းပါးသော မှန်ပုံးလေးထဲမှအရုပ်လေးများကိုရွေးချယ်ကောက်ယူရခြင်းပင်ဖြစ်ပြန်တယ်… ထိုသို့အရုပ်တွေကိုမက်မက်မောမောတွယ်တာတတ်သော ကျမဆီမှာ သူငယ်ချင်းတချို့ဆီမှလက်ဆောင် ရသော အရုပ်အနည်းငယ်နဲ့ ကျမသိပ်ကိုပိုင်ဆိုင်ချင်သဖြင့်ဝယ်ခဲ့မိသောအရုပ်အချို့သာရှိပါတယ်.. ရေတွက်ကြည့်မယ် ဆိုရင် လက်ငါးချောင်းသာသာပင်ရှိတာမို့ ကျမရဲ့အရုပ်လေးများကိုချစ်တာကတမျိုးပဲ လို့ထင်ရပါမယ် … အမှန်တော့ကျမအရုပ်လေးတွေကိုချစ်ပါသည်… လှလှပပခင်းကျင်းပြသထားသော ဆိုင်ထဲမှ အရုပ်လေးများနှင့် မှန်ပုံးထဲမှအရာင်သွေးစုံလင်လှသောအရုပ်ကလေးများကို ကျမ မပိုင်ဆိုင်သော် လည်း ကြည့်နေရရုံနှင့်ကျေနပ်ပျော်ရွှင်သောစိတ်မျိုးနှင့်ချစ်ခြင်းသာဖြစ်ပါတယ်… ချစ်စရာကောင်းတဲ့ အရုပ် ကလေးများကို မြင်ရတိုင်းခံစားရတဲ့ ကျေနပ်ပျော်ရွှင်မှုဟာ ကျမဧ။်အရုပ်ကလေးများအပေါ်တွင်ထားသော ချစ်ခြင်းပုံစံပင်ဖြစ်သည်… ထိုကဲ့သို့အရုပ်လေးတွေကိုချစ်တတ်သောကျမ၏ သမရိုးကျနေ့ရက်တွေထဲကို သက်ရှိအရုပ်ကလေးတရုပ်ဝင်ရောက်လာသောအခါ ကျမရဲ့နေ့ရက်တွေဟာပျော်ရွှင်ခြင်းတွေနဲ့ အရောင် လက်ခဲ့ရပါတယ်……
ကျမရဲ့ ပထမဆုံး ကျောင်းတက်ရက်တွေဟာ နေ့တိုင်းကိုစိတ်လှုပ်ရှားမှုတွေနဲ့ သက်ဝင်လှုပ်ရှားလျက် ရှိခဲ့ပါတယ် … ပတ်ဝန်းကျင်အသစ် ဘာသာစကားအသစ် လူအသစ်တွေကြားထဲမှာ စာအသစ်တွေနဲ့ လုံးလည်လိုက်ရင်း Library နဲ့စပီးအကျွမ်းဝင်ခဲ့ရတယ်.. Aircon အေးအေးအောက်မှာ စာဖတ်ရသည်ကို နှစ်သက်တာမို့ ကျောင်း Library ဟာသွားနေကျနေရာတခု ဖြစ်လာပါတယ်… အရမ်းပူတဲ့အပြင်ကနေလာပြီး Library ကို ၀င်လိုက်ရက်အေးစိမ့်သွားတာမို့ Library ကို Oasis နေရာလေးလို့တောင် နာမည်ပေးထားသေးတယ်လေ.. အဲဒီOasis လေးမှာပဲ ကျမရဲ့အရုပ်လေးကို စ တွေ့ခဲ့ပါတယ်…. အဲဒီ့နေ့ကစာအုပ်စင်ကနှေ စာအုပ်သွားယူပီး ပြန်အလာ ရှေ့တည့်တည့်ကနေ လျှောက်လာတဲ့ သူတယောက်ကိုစပီးသတိထားမိတာကတော့ သူဝတ်ထားတဲ့ရှုပ်အကျီအကွက်ပါပဲ.. သူ့အကျီအကွက်က ကျမ၀တ်ထားတဲ့ရှပ်အကျီအကွက့်နဲ့အဆင်ရော အရောင်ပ်ါဆင်တူတာမို့ အံ့သြမိသလိုရယ်လဲရယ်ချင်မိသွားသည်မို့ အဲဒီသူရဲ့မျက်နှာကိုကြည့်မိလိုက်ပါတယ်.. သူကလည်း ကျမအကျီအကွက်ကိုသတိထားမိသွားပုံပါပဲ….. ကျမအကျီပေါ်က သူ့မျက်လုံးတွေမှာ ပြုံးယောင်သန်းနေတာကို ကျမသတိထားလိုက်မိတယ်… နောက်ရက်တွေ Library မှာမကြာခဏဆုံမိကြသလို သူ အဲဒီ အကျီအကွက်ဝတ်တဲ့နေ့တွေနဲ့ ကျမ၀တ်တဲ့နေ့တို့တိုက်ဆိုင်ခဲ့လျှင်လည်း သူ့မျက်လုံးထဲက အပြုံးအရိပ်ယောက်ကိုရှာတွေ့ခဲ့တော့ စိတ်ထဲကျေနပ်မိသလိုပေါ့.. သူ့ကိုသတိထားကြည့်မိတဲ့ အခါ တိုင်း ပြုံးရယ်ခဲလှသလို သူငယ်ချင်းလဲများများစားစားရှိပုံမပေါ်ပါဘူး ..အမြဲလိုတယောက်တည်း laptop တလုံးနဲ့ပဲ အလုပ်ရှုပ်နေတတ်ပါတယ်.. ဘာရယ်မသိဘဲ သူ့ကိုမြင်ရင်ပျော်သွားတတ်တဲ့ကျမကို သူငယ်ချင်းတွေက ပေါလွန်းတယ်လို့အားပေးကြပေမဲ့ ပျော်နေတာကတော့အမှန်ပါပဲ… အရုပ်ဆိုင်က ကိုယ်သဘောကျတဲ့အရုပ်လေးကိုကြည့်ပီးကျေနပ်နေသလိုမျိုးပေါ့….ကျမရဲ့အရုပ်လေးရှပ်အကျီအကွက် ၀တ်တဲ့နေ့ဆိုရင် ပိုတောင်ပျော်မိသလိုပါပဲ….သူ့ရဲ့မနိမ့်မမြင့်တဲ့ အရပ်နဲ့ ရှပ်အကျီ လက်ရှည်တွေဟာ သူနဲအတော်ကိုကြည့်လို့ကောင်းပါတယ်… မှတ်မှတ်ရရ term break အပီး ကျောင်းပြန်တက်တဲ့နေ့မှာ Library ကိုအသွား Lift ထဲမှအထွက်မှာမမျှော်လင့်ပဲသူနဲ့ မျက်နှာချင်းဆိုင် ဆုံတွေ့ရတဲ့အခိုက်တန့်မှာ သူရဲ့မျက်လုံးထဲမှာ မတွေ့ရတာကြာတဲ့သူငယ်ချင်းတယောက်ကိုပြန်တွေ့သလိုအံ့ သြ၀မ်းသာမှု အရိပ်ယောင်ကို မြင်လိုက်ရခြင်းပါ …. အဲဒီနေ့က အပျော်လွန်လို့ ပါးစပ်တောင်မစိနိုင်အောင်ပါပဲ.… နောက်အမှတ်တရတခုကတော့ Library ထဲမှာ စာဖတ်နေတုန်း ဘေးသုံးခုံကျော်မှာ သူနှင့်သူ၏သူငယ်ချင်းတယောက်လာထိုင်ပါတယ်… သူရဲ့သူငယ်ချင်းနဲ့ စာလုပ်ရင်းတော်တော်အလုပ်ရှုပ်နေပီးခဏလဲကြာရော သူကသူ့ခုံနောက်က စာအုပ်စင်ကိုမှီပြီးအိပ်ပျော်သွားပါတော့တယ်… စာအုပ်စင်နှင့်ကွယ်နေတာမို့ အပြင်ဘက်ကကြည့်လျှင်တော့ သူအိပ်နေတာကိုမမြင်ရပါဘူး…. ကျမသာဘေးဘက်တွင်ထိုင်နေသည်မို့ကောင်းကောင်းမြင်ရခြင်းဖြစ်ပါတယ်… အဲဒီနေ့က အိပ်ပျော်နေသောလူတယောက်၏အပြစ်ကင်းစင်မှုကို ကျမရဲ့အရုပ်မျက်နှာပေါ်မှာ ထင်ထင်ရှားရှားမြင်တွေ့ခဲ့ရပါတယ် …. နောက်ထပ်နေ့ရက်များတွင်တော့ကျမအရုပ် မျက်ဝန်းတွေထဲမှာ တွေ့နေကျလူတယောက်ကိုအသိမှတ်ပြုမှမှလွဲပြီး ဘာမှထူးထူးခြားခြားမရှိခဲ့ပါဘူး ...2010 Happy New Year ရောက်တော့ ကျမရဲ့အရုပ်ကို New Year Wish လုပ်ချင်သောဆန္ဒတခုကြောင့် ကဒ်ပြားပေါ်မှာ Happy New Year wishရေးပြီး paper click လေးနဲ့ညှပ်ကာသူ့ကျောပိုးအိတ်ထဲကို မသိအောင်ထည့်ပေးဖြစ်ခဲ့ပါတယ် .. ဒါပေမဲ့ နောက်၂ရက်၃ရက်လောက့် အကြာမှာတော့ အဲဒီ paer click လေးတွေကြောင့် ကျမထည့်ထားမှန်း သိသွားခဲ့ပါတယ်…အမှန်တော့ကျမရဲ့အရုပ်ကို Wish လုပ်ချင်ရုံသက်သက်သာဖြစ်ပေမဲ့ သူများအပေါ်စိတ်အနှောက်ယှက်ပေးမိသလိုဖြစ်နေမှာကိုလည်းတွေးပူမိခဲ့ပါတယ် … မထင်မှတ်စွာပဲ အပြုံးအရယ်မြင်ခဲလှသော ကျမရဲ့အရုပ်မျက်နှာပေါ်မှာကျေနပ်မှုအရိပ်ယောင် အပြုံးတချို့ ပြန်လည်မြင်တွေ့ခဲ့ရတော့မှ ကျမလဲပြုံးနိုင်ခဲ့ပါတော့တယ်… နောက်ပိုင်းရက်တွေကတော့ လမ်းတွေ့ပြုံးပြနှုတ်ဆက်သည်မဟုတ်ပေမဲ့ လည်းအသိမှတ်ပြုအကြည့်တွေ.. ကွယ်ရာရောက်မှ ပြုံးတတ်သော အပြုံးတွေနဲ့အသက်ဝင်ခဲ့ပါတယ်… ဒါပေမဲ့ ကျမရဲ့အရုပ်ကြောင့်ပျော်ရွှင်ရတဲ့နေ့ရက်တွေဟာမရှည်ကြာခဲ့ပါဘူး. ညနေစောင်းတခုမှာ ကျောပိုးအိတ်ကိုလွယ်ပီး ဖြေးဖြေးမှန်မှန်လျှောက်သွားသောခြေလှမ်းတွေနဲ့ ရှပ်အကျီအဖြူစင်းလက်ရှည်၊ အနက်ရောင်ဘောင်းဘီရှည်ဝတ်ဆင်ထာတဲ့ ကျမရဲ့အရုပ်နောက်ကျောကို လေးထပ် Library ရှေ့ကနေနောက်ဆုံးလှမ်းမြင်လိုက်ရပါတယ်… အဲဒီနောက်ပိုင်းမှာတော့ ကျမရဲ့အရုပ်နဲ့ သူ့သူငယ်ချင်းတချို့ပါ ကျောင်းမှပျောက်ကွယ်သွားခဲ့ပါတယ် …. ကျမရဲ့အရုပ်ကိုမြင်နေရတဲ့အခိုက်တန့်မှာ သူဟာဘာလူမျိုးလဲ ဘယ်အတန်းကလဲ နာမည်ဘယ်လိုခေါ်လဲဆိုတာ ကျမတခုမှမသိခဲ့သလို သိချင်စိတ်လဲသိပ်မရှိခဲ့ပါဘူး … အမှန်တော့ ဒါဟာမြင်နေရရုံနဲ့ကျေနပ်နေတတ်တဲ့ ကျမရဲ့နှစ်သက်သဘောကျခြင်းတမျိုးပါပဲ …. ကျမရဲ့အရုပ်လေးပျောက်သွားပီးနောက်ပိုင်းမှာတော့ Library ကစာအုပ်စင်တွေနားရောက်ရင် study room မှာစာကျက်ရင်း ၀င်လာတဲ့ ခြေသံတွေကြားရင် ကျမရဲ့အရုပ်ကိုသတိတရဖြစ်မိသလို အကျီအကွက်လက်ရှည်ဝတ်ထားတဲ့ သူတွေမြင်မိတိုင်းလည်းပြုံးမိပါတယ်… ကျမရဲ့အရုပ်က ကျမအတွက်ပျော်စရာနေ့ရက်တွေဖန်တီးပေးခဲ့သလို အမှတ်ရစရာတွေလည်းထားခဲ့ပြန်တယ် … အရုပ်ဆိုင်ထဲဝင်တဲ့အခါက သဘောကျမိတဲ့အရုပ်တရုပ်ကို သူ့ရဲ့ချစ်စရာကောင်းတဲ့အချက်လေးတွေကို သေချာကြည့်နေရင်းကနေ သွားရတော့မယ်ဆိုပီး ပြန်ထွက်လာရတဲ့အခါ ကျန်ခဲ့တဲ့အရုပ်လေးကို သတိရမိနေသလိုမျိုးပါပဲ … ဒါပေမဲ့လည်းကျေနပ်မိပါတယ် .. အရုပ်လေးကိုကြည့်နေစဉ်အခိုက်မှာတော့ ကျေကျေနပ်နပ်နဲ့ပျော်ရွှင်ခဲရ့တယ်ဆိုတာကတော့ အသေချာပါပဲ.. ပြန်စဉ်းစားကြည့်လိုက်တိုင်းလည်းပြုံးမိနေသလိုပါပဲ…. ဖတ်ဖူးတဲ့စာသားလေးတခုကိုသတိရမိပါတယ် “ One day I caught myself smiling for no reason, then I realized that I’m thinking of you” ကျမအရုပ်လေးတွေကိုချစ်ပါတယ် … ကြည့်နေရရုံနဲ့ကျေနပ်ပျော်ရွှင်တဲ့အချစ်မျိုးနဲ့ပေါ့ … အလိုပဲ ကျမရဲ့သက်ရှိအရုပ်လေးကိုလည်း………………………… ။။။။။။။။။။။။။။။။။။။။။။။။။


No comments: